သွားပိုးစားခြင်းအကြောင်း သိထားသင့်သမျှ
Cause Overview
မကြာခဏ အချိုစာ၊ သရေစာတွေ စားတာကြောင့် ဘက်တီးရီးယားပိုးတွေ သွားရဲ့အပေါ်ယံကြွေလွှာမှာ ကပ်ငြိနေသလို၊ သွားကို သေချာသန့်ရှင်းရေးမလုပ်တာကြောင့်လည်း သွားမှာ ထိခိုက်ပျက်စီးနေတဲ့ ပိုးပေါက်တွေ ဖြစ်လာပါတယ်။ ဒီအခြေအနေကို သွားပိုးပေါက်ဖြစ်ခြင်း ဒါမှမဟုတ် သွားပိုးစားခြင်းလို့ ခေါ်ပါတယ်။
ဘယ်လောက်ထိ အဖြစ်များလဲ။
သွားပိုးစားခြင်းဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများထဲက တစ်ခုဖြစ်ပြီး ကလေးတွေ၊ ဆယ်ကျော်သက်အရွယ်နဲ့ အသက်ကြီးပိုင်း ဘိုးဘွားအရွယ်တွေမှာ အလွန်အဖြစ်များပါတယ်။ သွားပိုးပေါက်တွေကို သေချာမကုသဘူးဆိုရင် ဒီပိုးပေါက်တွေဟာ ကြီးထွားလာပြီး အပေါ်ယံကြွေလွှာတင်မကဘဲ အောက်အလွှာတွေထိပါ ရောက်လာပြီး သွားနဲ့ ခံတွင်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
Symptom & Types
သွားပိုးစားခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
အစောပိုင်းမှာတော့ ဘယ်လိုလက္ခဏာမျိုးမှ မပြတတ်ပေမဲ့ အခြေအနေပိုဆိုးလာတဲ့အခါမှာ
· သွားကိုက်ခြင်း
· အကြောင်းရင်းမရှိဘဲ သွားထဲကနေ နာကျင်မှုဝေဒနာခံစားရခြင်း
· သွားကျဉ်လွယ်ခြင်း
· အေးလွန်း၊ ချိုလွန်း၊ ပူလွန်းတဲ့အစားအစာတွေကို စားတဲ့အခါ သွားထဲက စူးကနဲ နာကျင်မှုဖြစ်ခြင်း
· သွားပေါ်မှာ အပေါက်တွေကို မျက်စိနဲ့ အလွယ်တကူ မြင်နိုင်ခြင်း
· သွားရဲ့အပေါ်ယံကြွေလွှာပေါ်မှာ အညိုရောင်၊ အနက်ရောင် ဒါမှမဟုတ် အဖြူရောင်အစွန်းအထင်းတွေကို မြင်ရခြင်း
· တစ်ခုခုကို ဝါးစားတဲ့အခါ၊ အံကြိတ်လိုက်တဲ့အခါ နာကျင်မှုဖြစ်ခြင်း စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ဒီလက္ခဏာတွေဟာ သွားပိုးစားတဲ့သူရဲ့ အခြေအနေနဲ့ ဘယ်လောက်ထိဆိုးရွားနေလဲဆိုတာပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ။
၁။ သွားချေးတက်လာခြင်း
သွားရဲ့အပေါ်ယံမှာ အစားအစာနဲ့ ဖျော်ရည်တွေက သကြားဓာတ်တွေ၊ ကစီဓာတ်တွေ စုပြုံလာတဲ့အခါ အရိအချွဲတွေဖြစ်လာပါတယ်။ ဒါတွေက အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားပိုးတွကို ပေါက်လာစေပြီး အဝါရောင်အရိအချွဲအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီဖြစ်စဉ်ကို သွားချေးတက်တယ်လို့ ခေါ်ပါတယ်။ သွားချေးကို လုံးဝသန့်ရှင်းရေးမလုပ်ဘူးဆိုရင်တော့ သွားချေးကျောက်အဖြစ် ပြောင်းလဲသွားပြီး သွားပိုးစားလာနိုင်ပါတယ်။
၂။ အချိုစားသုံးမှုများခြင်း
အချိုမုန့်တွေမှာ ပါတဲ့ သကြားဓာတ်ဟာ သွားအပေါ်ယံကြွေလွှာတင်မကဘဲ သွားကြားထဲပါ ကပ်ငြိစေပြီး ဒါကို သေချာသန့်ရှင်းရေးမလုပ်တဲ့အခါ သကြားဓာတ်က သွားမှာ ကျန်နေခဲ့နိုင်ပါတယ်။ ဒီအချိုဓာတ်က သွားရဲ့ကြွေလွှာတွေကို ပါးသွားစေပြီး တခြားဘက်တီးရီးယားပိုးတွေပါ ပွားနေတဲ့အခါ သွားရဲ့အပေါ်ယံကြွေလွှာမှာ ပိုးပေါက်တွေ ဖြစ်လာစေနိုင်ပါတယ်။
၃။ သေချာခံတွင်းသန့်ရှင်းရေးမလုပ်တာ
မလိုလားအပ်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေးတွေ မဖြစ်စေဖို့ သွားကို တစ်နေ့ ၂ ကြိမ် စနစ်တကျတိုက်ပေးတာ၊ လျှာခြစ်တံ အသုံးပြုတာ၊ သွားပွတ်ကြိုးနဲ့ သွားကြားထဲ သန့်ရှင်းရေးလုပ်တာ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာတွေကို လုပ်ပေးသင့်ပါတယ်။ နေ့တိုင်း ကိုယ့်ရဲ့သွားသန့်ရှင်းရေးကို သေချာမလုပ်ဘူးဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေ ပျက်စီးလာမှာတော့ အသေအချာပါပဲ။
၄။ ညအိပ်ကာနီး အစာစားတာ
ညဘက်သွားတော့ တိုက်ပါတယ်၊ ဒါပေမယ့် စောစောမအိပ်ဘဲ ဖုန်းသုံး၊ ရုပ်ရှင်ကြည့်ရင်းကနေ မုန့်ပဲသရေစာတွေ စားလိုက်မိတယ်။ ပြီးလို့ အိပ်တော့မယ်လည်းဆိုရော၊ သွားလည်းမတိုက်၊ ပလုတ်လည်းမကျင်းဘဲ ဒီအတိုင်းအိပ်လိုက်တဲ့အခါ စားကြွင်းစားကျန်တွေဟာ သွားကြားထဲမှာ ဒီအတိုင်းကျန်ခဲ့ပါတယ်။ အိပ်နေချိန်မှာ တံတွေးအထွက်နည်းလို့ ခံတွင်းခြောက်နေတာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ ပိုလွယ်ကူတဲ့အတွက် သွားပိုးစားနိုင်ခြေ အလွန်များပါတယ်။
Support & Resources
သွားပိုးစားတာအတွက် ဆရာဝန်ပြဖို့ လိုအပ်သလား။
ဆရာဝန်ပြဖို့ရော၊ ကုသမှုခံယူဖို့ပါ လိုအပ်ပါတယ်။ သွားပိုးစားတာကို သွားဆရာဝန်မဟုတ်ဘဲ သာမန်လူတွေက မျက်စိနဲ့အလွယ်တကူ မမြင်ရတာကြောင့် အခြေအနေဆိုးလာမှ ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် သွားထိခိုက်ပျက်စီးမှုက ပိုဆိုးနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် (၆) လတစ်ကြိမ် သွားဆေးခန်းပြပြီး သွားကို စစ်ဆေးကြည့်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်